အသက်ကြီးရင် ဦးနှောက် မကျုံ့စေဖို့
အသက်အရွယ်ရလာတာနဲ့အမျှ ဦးနှောက်အရွယ်အစားက သေးသေးသွားတတ်ပါတယ်။ ဒါကို ဦးနှောက် ကျုံ့တယ်လို့ ခေါ်တာပါ။ အသက်အရွယ် အပိုင်းအခြားအလိုက် ဦးနှောက် ကျုံ့တဲ့ ပမာဏက မတူသလို ဘယ်အသက်မှာ ဘယ်ပမာဏလောက်အထိ ကျုံ့မယ်လို့လည်း တထစ်ချ ဆိုမရပါဘူး။
အသက်ကြီးလာရင် ဒီလိုမျိုး ဦးနှောက် ကျုံ့သွားရတဲ့ အကြောင်းအရင်းကတော့ အသက်ကြီးလာတဲ့အခါ ဦးနှောက်ထဲက ဆဲလ်တွေ လျော့နည်းလာတာကြောင့်ပါ။ ဒါကြောင့်ပဲ အသက်အရွယ်ရလာချိန်မှာ သိမြင်မှု စွမ်းရည် ကျဆင်းလာတာပါ။
အသက်ကြီးလာရင် ဦးနှောက်ကျုံ့လာရတာက အသက်အရွယ်ရလာတာကြောင့် ဖြစ်နိုင်သလို ရောဂါတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ရောဂါကြောင့် မဟုတ်တဲ့ ဦးနှောက်ကျုံ့တာကို သက်သာစေဖို့ ဆိုရင် ဒီနည်းလမ်းတွေက အသုံးဝင်စေမှာပါ။
- လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ - ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန် လုပ်ပေးတာ၊ တစ်နေ့တာမှာ လှုပ်လှုပ်ရှားရှား နေထိုင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေသလို အသက်အရွယ် ရလာချိန်မှာ ဦးနှောက်ကျုံ့တာကို သက်သာစေဖို့ ထောက်ကူပေးမှာပါ။ ယောဂ လေ့ကျင့်ပေးလို့ ရသလို ထိုက်ချိ ကစားပေးတာ၊ လမ်းလျှောက်ပေးတာတွေကလည်း နည်းလမ်းကောင်းပါ။
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပါ - ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမှုက ခန္ဓာကိုယ်ကို ကျန်းမစေသလို ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကို ကောင်းမွန်စေပြီး ဦးနှောက်ကျုံ့တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
- သွေးပေါင်ချိန် ထိန်းပါ - သွေးတိုးတာက နှလုံးကျန်းမာရေးကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ ဦးနှောက် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဦးနှောက် ကျုံ့စေတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိမယ်ဆိုရင် လိုအပ်မယ့် ကုသမှုတွေကို ခံယူပေးပြီး သွေးပေါင်ချိန်ကို ပုံမှန်လေး ထိန်းညှိပေးပါ။
- ကိုယ်အလေးချိန် ထိန်းပါ - အဝလွန်တာက ဦးနှောက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အဝလွန်သူတွေက ပုံမှန်ထက် ဦးနှောက် ကျုံ့နိုင်ခြေ ပိုများနေတာကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိအောင် ထိန်းထားပါ။
- ဆားလျှော့စားပါ - ဆား အစားများတာ၊ အငန်ကဲတာတွေကို စားသုံးတာတွေက သွေးတိုးရောဂါကို ဖြစ်စေနိုင်သလို ဦးနှောက် ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ အငန် လျှော့စားပါ။
- အယ်လ်ကိုဟော လျှော့ပါ - အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဦးနှောက် ကျုံ့တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရွယ်ရလာချိန်မှာ ဦးနှောက် မကျုံ့စေဖို့ဆိုရင်တော့ အယ်လ်ကိုဟောကို ဖြတ်ပါ။ မဖြတ်နိုင်ရင် လျှော့သောက်ပါ။
- ဝါသနာပါရာ အလေ့အထ တစ်ခုခုကို လုပ်ပါ - အပင်စိုက်တာ၊ သီချင်းဆိုတာ၊ အကလေ့ကျင့်တာ လိုမျိုး ဝါသနာပါရာ အလေ့အထတွေကို လုပ်ဆောင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေသလို ဦးနှောက်ကျုံ့တာကို ကာကွယ်ဖို့လည်း ထောက်ကူပေးပါတယ်။
- ဆေးလိပ်ဖြတ်ပါ - ဆေးလိပ်သောက်တာက အဆုတ်ကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ ဦးနှောက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက် မကျုံ့စေဖို့ဆိုရင် ဆေးလိပ်ဖြတ်ပါ။
ဒီအချက်လေးတွေကို သေချာ ဂရုစိုက်ပေးမယ်ဆိုရင် ဦးနှောက် ကျုံ့တာကို ကာကွယ်နိုင်မှာပါ။
မွန်မွန်